ဒီလိုအဖြစ်မျိုးနဲ့ ကြုံတွေ့ရသူပေါင်း ဘယ်လောက်ရှိနေပြီလဲမသိပါ (တကယ်ခံစားရပါတယ်)

ကဲနောက်ဇာတ်လမ်းတစ်ပုဒ်။ အားလုံးသတိရှိကြပါ။ ဒီလိုအဖြစ်မျိုးနဲ့ ကြုံတွေရသူပေါင်းဘယ်လောက်ရှိနေပြီလဲမသိပါ.. တကယ်ခံစားရပါတယ် Covid က တကယ်ကြောက်ဖို့ကောင်းတာပါ…

အားလုံး ဝိုင်းစိတ်ပူပေးကြလို့ ကျေးဇူး အများကြီးတင်ပါတယ်….

ပထမဆုံး ကျမပါပါး မဆုံးခင် သုံးရက်ကအကြောင်းကို စပြောပါ့မယ် ..

ပါပါးမဆုံးခင် သုံးရက်လောက်မှာ သူနေလို့ မကောင်းဘူးဆိုပြီး စပြောပါတယ် …

နှာမစေး၊ ချောင်းမဆိုး၊ ခေါင်းမကိုက်ပါဘူး …
နှာတော့ နဲနဲချေပါတယ် … အဖျားတိုင်းပါတယ် … ၉၉/၁၀၀ ပဲပြပါတယ် …

ပါပါးက ဘာရောဂါအခံမှ မရှိပါဘူး … သူ့ကိုမြင်ဖူးသူတိုင်းလဲ သူဘယ်လောက် ကျန်းကျန်းမာမာနဲ့နေထိုင် သွားလာလဲဆိုတာ အကုန်သိပါတယ် … ပထမရက် ရိုးရိုးဖျားတယ်ဆိုပြီး ပါရာစီတမော သူစသောက်ပါတယ် …

နောက် ဒုတိယမြောက်နေ့မှာလဲ သူဘာမှမဖြစ်ပါဘူး …အဖျားကလဲ ၉၉/၁၀၀ ပဲပြပါတယ် .. အနံ့လဲမပျောက်၊ အရသာလဲ မပျောက်ပါဘူး … ကျမ Fever Clinic တွေ ဖုန်းဆက်ပါတယ် … swab စစ်လို့ ရမလားလို့ ကျမမေးပါတယ် …

ဖျားနေတယ်ဆိုတော့ ဘယ်လောက်ဖျားလဲတဲ့ … အမှန်အတိုင်း ပြောပြပါတယ် … ဘယ်တွေသွားလဲ မေးပါတယ် … ကျမအဖေက ဘယ်မှမသွားပါဘူး၊ အိမ်ထဲပဲ နေပါတယ် … ကျမတ‌ယောက်ထဲ ၂ ရက်နေ့က ရုံးမှာလစာကိစ္စ သွား စီစဉ်တာပါ …

ရုံးမှာလဲ လူတယာက်မှမရှိပါဘူး …ကိုယ့်ကားနဲ့ကိုယ် သွားပြီးတာနဲ့ အိမ်ပြန်လာတာပါ … ပြန်လာတာနဲ့လဲ ရေချိုးခန်း တန်းဝင် ရေချိုးသန့်စင်ပါတယ် …

အဲ့ ၂ ရက်နေ့ နောက်ပိုင်း တအိမ်လုံး အပြင်မထွက်ပါဘူး … ပါပါးက အဲ့ကြားထဲ လမ်းထိပ်က အမှိုက်ပုံကို အမှိုက်ထွက်ပစ်တာ တကြိမ်ရှိခဲ့ပါတယ် …

deli လာပို့တာတွေတော့များခဲ့ပါတယ် …

ကျမ အဲ့အကြောင်းတွေ ရှင်းပြခဲ့ပါတယ် … Clinic က ပြန်ပြောပါတယ် … အဲ့လောက်ဖျားရင် မစစ်ပေးပါဘူးတဲ့ … မောရင်၊ အသက်ရှူကြပ်ရင် အဖျားအရမ်းကြီးမှ လာခဲ့ပါတဲ့ …

ပါရာသောက်ပါတဲ့ … ချောင်းဆိုးရင် ချောင်းဆိုးပျောက်ဆေး သောက်ပါတဲ့ … စိတ်မပူဘဲ အိမ်မှာနေပါဆိုလို့ … ဟုတ်ကဲ့ဆိုပြီး ပါပါးကို အိမ်မှာ ဆေးပဲတိုက်ပါတယ် …

ကြက်သားဆန်ပြုတ် တရက်ကို သူ ၄ ခွက် စားပါတယ် … ကြက်စွပ်ပြုတ်တွေ‌ သောက်ပါတယ် … သူမဆုံးခင် ရှေ့တရက်မှာ အဖျား ကျသွားပါတယ် … ကျမတို့လဲ အဆင်ပြေပြီ ထင်ခဲ့တာပါ …

သူဆုံးမယ့်မနက် ၁ နာရီမှာ သူ ဆီးသွားချင်တယ်ဆိုပြီး ထပါတယ် … အိမ်ပေါ်ထပ်မှာမို့ သူ့ဘေးမှာပဲ ဆီးအိုးထားပေးထားတာပါ … ဆီးသွားအပြီး သူမောတယ်၊ အသက်ရှူကြပ်တယ် ဆိုပြီး စပြောပါတယ် … နောက်တခေါက်ထပ် ထပြီးသွားပါတယ် …

သွားပြီးတာနဲ့ သူ လုံး၀ ကုတင်ပေါ်လဲကျပြီး … အသက်ကို ပါးစပ်က ရှုနေရပါပြီ … အဲ့အချိန်ကစပြီး ကျမဖုန်းတွေ တောက်လျှောက် ခေါ်ပါတယ် …

ambulance ခေါ်ပါတယ် … သက်ဆိုင်ရာ ပေးထားတဲ့နံပါတ်တွေ အကုန်ခေါ်ပါတယ် … ဖုန်းမကိုင်တာနဲ့၊ စက်ပိတ်ထားတာနဲ့ပဲ အကုန်ဖြစ်ပါတယ် …

ညသန်းခေါင်မို့ ဖုန်းမကိုင်နိုင်တာ ကျမနားလည်ပါတယ် … ကျမ လမ်းထိပ်က ပရဟိတကား‌တွေ ရပ်ထားတဲ့ဆီကိုလဲ အပြေးသွားပါတယ် …

လူတွေအိပ်နေလို့ ဝမ်းသာအားရနိုးပြီး ကျမပါပါး အောက်ဆီဂျင်လိုတဲ့အကြောင်း၊ ဆေးရုံပို့ဖို့ ပြောပါတယ် … ကျေးဇူးတင်စရာ အရမ်းကောင်းတာက ambulance ကားတွေက ကားသော့ကို ကားဘေး အိပ်နေသူတွေကို မပေးထားပါဘူးတဲ့ …

ကားသော့ ကိုင်ထားတဲ့လူကြီး ဆိုလားအိမ်ကို ဖုန်းခေါ်တော့လဲ မကိုင်ပါဘူး … ကျမပါပါး ကိုယ်တိုင်ရဲ့ ကံပေါ့ … နောက်ဆုံးတော့ ကျမအသိ ambulance ကားကို ဖုန်းဆက်လို့ ရသွားပြီး လာခေါ်ပေးပါတယ် .. တကယ်လဲ ကျေးဇူး အများကြီး တင်ကြောင်း ဒီကနေ ပြောပါရစေ …

ကံဆိုးတာကတော့ ဆေးရုံရောက်တော့ အပေါက်ဝမှာ စစ်တာနဲ့ လူနာက အသက်မပါလာဘူးလို့ ဆရာဝန်မက ပြောပါတယ် …

ဒါပေမဲ့ swab စစ်ရမယ်လို့ ပြောပါတယ် … ဆုံးသွားလဲစစ်မယ်ဆိုလို့ ကျမတို့လဲ စစ်ပါလို့‌ ပြောခဲ့ပါတယ် … တချို့ ရင်နာစရာအကြောင်းအရာတွေ ကျမ ထည့်မရေးတော့ပါဘူး …

ဘယ်သူ့ကိုမှလဲအပြစ် မတင်ချင်လို့ပါ …ကျမတို့ပေါ့ဆမှုကြောင့်ပဲ မှတ်ယူပါတယ် …

ပါပါးဒီလိုနဲ့ ဆုံးပါတယ် …

ကျမ အဲ့တညလုံး မနက် ၅ နာရီမှ အိမ်ရောက်ပါတယ် … မနက် ၈ နာရီဆေးရုံကြီးကို ထပ်ချိန်းပါတယ် … Body ထုတ် သဂြိုလ်ဖို့ကိစ္စတွေ အစအဆုံး ကျမ ပြေးလွှားလုပ်ခဲ့ပါတယ် …

ညရောက်တော့ ဆေးရုံကြီးက ပါပါးအဖြေ Positive ဆိုပြီး ဖုန်းဆက်ပါတယ် … ထူးဆန်းတာတခုက ကျမတို့ကို ခရီးသွားရာဇဝင် ဘယ်သူတွေနဲ့ ထိတွေ့ခဲ့လဲဆိုတာ တခွန်းမှ မမေးတာပါပဲ …

ကျမ ချက်ချင်း ရပ်ကွက်ရုံးကိုအကြောင်းကြားပါတယ် …

မြို့နယ်အုပ်ချုပ်ရေးမှူးဆီ ဖုန်းဆက်ပါတယ် …

မြို့နယ်ကျန်းမာရေးရုံးကိုလဲ ဆက်ပြီး အသိပေးပါတယ် …

ကျမတို့တအိမ်လုံး Swab စစ်ချင်ပါတယ် ကျမ ပါပါးနဲ့ Primary contact မို့ကျမတို့ စစ်ဖို့လိုတဲ့အကြောင်း ပြောတာပါ … အဖြေက တခွန်းပဲ ထပ်တူရပါတယ် … တိုင်း‌ကျန်းမာရေးကိုတင်ပြရပါမယ်တဲ့ …

Fever clinic ကို ထပ်ဆက်ပါတယ် … ဖျားမှလာခဲ့ပါဆိုတဲ့ အ‌ဖြေပဲ ထပ်ရပါတယ် …

ကျမ သူငယ်ချင်းကိုယ်တိုင် ဂန္ဒီ‌‌ ဆေးရုံကို ထပ်သွားပါတယ် … swab စစ်ချင်တယ်လို့ ရှင်းပြတာလဲမရပါဘူး … တိုင်းကျန်းမာရေးက လာခေါ်တာပဲ စောင့်ပါတဲ့ …

ကျမတို့ Q ဝင်ဖို့အကြောင်း ပြောပါတယ် … Q ဝင်ဖို့တောင် ကျမတို့ကို အစက ၁၀ ရက်စောင့်ရပါ့မယ်တဲ့ …

တိုင်းကျန်းမာရေးရုံးက စာကျလာပြီး လာခေါ်မှ ဝင်လို့ရမယ်တဲ့ … ဒီနေရာမှာကျမပြောချင်တာ ကျမ
မာမားကသွေးတိုး ဆီးချို အကုန်ရှိပါတယ် …

ကျမပါပါးလို ကျမ လုံး၀ လုံး၀ ထပ်အဖြစ် မခံနိုင်တော့လို့ ကျမ ချက်ချင်း စစ်ချင်ရတာပါ … စစ်ပြီးကျမ‌မာမားအတွက် ဆေးကုသမှုကိုအပြည့်အ၀ လိုချင်လို့ပါ …

နောက်ဆုံး မစစ်နိုင်ရင်တောင် ကျမ Q center ကို မာမားကို အမြန်ဆုံး ပို့ချင်လို့ပါ …‌ အိမ်မှာ ငုတ်တုတ် ထိုင် စောင့် နေရမှာထက်တော့ Q center မှာဆို ကျမတို့ကို စစ်ပေးမှာမို့ပါ …

တပ်မ‌တော် Q center ကို သွားဖို့လဲ ကျမတို့ ကြိုးစားခဲ့ပါတယ် … အဖြေက တိုင်းကျန်းမာရေး ထောက်ခံစာပဲလုပ်ရမယ်ဆိုတဲ့ အဖြေပဲရပါတယ် ..

၁၁ ရက်နေ့ မနက် မိုးလင်းတာနဲ့ ကျမ လက်လှမ်းမီသမျှ အကုန် ဆက်ပါတယ် … တိုင်းကျန်းမာရေးရုံးကို ကျမသူငယ်ချင်း ကိုယ်တိုင် ထပ်သွားပါတယ် … ဆရာဝန်တွေ ရောက်မယ့်အချိန် မသိပါဘူးတဲ့ …

ဆရာဝန်တယောက် ဖုန်းနံပါတ်ကို ပေးပါတယ် … ဆက်လိုက်တော့ထောက်ခံစာကိစ္စ သူကိုင်တာ မဟုတ်ပါဘူးတဲ့ …ဒါဆို ကိုင်တဲ့ဆရာဝန် ဖုန်းလေး ရမလားဆိုတော့ personal ph တွေ ပေးခွင့်မရှိပါဘူးတဲ့ …

အိုကေ ကျမတို့ကံပေါ့ … နောက်ဆုံး ကျမ မြို့နယ်အုပ်ချုပ်ရေးမှူးကိုပဲ ငိုယို တောင်းပန်ခဲ့ပြီး Hotel Q ပါရစေလို့‌ပြောခဲ့ပါတယ် … ၁၁ ရက်နေ့ ညနေပိုင်းမှာ အုပ်ချုပ်ရေးမှုးက ကားလွှတ်ပေးမယ် ဟိုတယ်ကတော့ သူတို့ရွေးတာပဲ ပို့ရမယ်တဲ့ …

ကျမတို့ လက်ခံခဲ့ပါတယ် … ကျေးဇူးလဲ အထူးတင်ပါတယ် …

ဟိုတယ် ရောက်ပြီး နောက်တရက် ကျမ အနံ့‌‌ရော အရသာရော ပျောက်ပါတယ် … ချောင်းဆိုးပါတယ် … အကြီးမ ဖျားပါတယ် … ဟိုတယ်ကကျန်းမာရေးမှူးကို အကြောင်းကြားပါတယ် …
ပါရာပဲ တိုက်ပါတယ် …

ဟိုတယ်ရောက်ပြီး ၃ ရက်မြောက်နေ့မှာ မာမား အောက်ဆီဂျင် စကျပါတယ် … 90/91 ဖြစ်လို့ ကျမ swab မြန်မြန်ယူပေးဖို့ အကြောင်းထပ်ကြားပါတယ် …

အဖြေကတော့ အထက်ကလာယူမှ ယူပေးပါတယ် ဆိုတဲ့ အဖြေပဲရပါတယ် … အိုကေဟုတ်ပြီ …ဒါဆို ကျမတို့ ကိုယ့်အားကိုယ်ကိုးမှ ရပါ‌တော့မယ်ဆိုပြီး ကျမတို့ ချက်ချင်း မာမားအတွက် အောက်ဆီဂျင်စက် 5 liter တလုံး ဟိုတယ်ပို့ဖို့ စီစဉ်ပါတယ် …

အစက မရဘူးပြောပါတယ် … ဒါဆို ဟိုတယ်မှာ ရှိလား အရေးပေါ်ဆို ရမလား ဆိုတော့လဲ မရှိပါဘူးတဲ့လေ … ဩ … ရှင်တို့က swab လဲ လာမယူ၊ အရေးပေါ်လဲမစီစဉ်ထားဘူး ဆိုတော့ ကျမအ‌‌မေတခုခုဆို ရှင်တို့ တာဝန်ယူမလား ဆိုတော့မှ စက်က အရမ်းမကြီးရင် အခန်းထဲ ပေးယူပါ့မယ်တဲ့ …

ကျန်းမာရေးမှူးက 5 liter O2 စက်ကို မမြင်ဘူးတာလားရှင့်??? မာမားကို စက်နဲ့ တောက်လျှောက်ပဲ ရှူခိုင်းရပါတယ် … စက်နဲ့မှ သူက 98 အထိတက်တာပါ … 5 ရက်မြောက် နေ့မှာ swab ယူပါတယ် …

အဲ့ရက် ညမှာ အိမ်သာထသွားပြီး မာမား အောက်ဆီဂျင် 88 အထိ ကျပါတယ် … တခြားကျန်တာအကုန် ဘာမှမဖြစ်ပါဘူး …6 ရက်‌ မြောက်နေ့မနက် အဖြေထွက်ပါတယ် …

မာမားအဖြေက Positive ထွက်ပြီး ကျမတို့ ညီအမသုံးယောက်က Negative ထွက်ပါတယ် …

ညနေ လာခေါ်မယ် ဆိုတော့ ကျမ ဒီက ကျန်းမာရေးမှူးကို‌ သေချာပြောခဲ့ပါတယ် … ကျမအမေက သွေးတိုး၊ဆီးချိုနဲ့မို့ ညကလဲ အောက်ဆီဂျင်က 88 အထိ ကျလို့ပါဆိုတော့၊ အဲ့ဒါ ကျမက ဘာလုပ်ပေးရမှာလဲတဲ့လေ …

ကျမလဲ ဘာမှ မလုပ်ခိုင်းပါဘူး …သူတို့ ပြောပြောနေတဲ့ အထက်ကို သိအောင် ပြောချင်တာလေးပါ … အထက်ကများသိရင် မာမားကို ICU ရတဲ့‌‌ နေရာလေး ထားပေးမလား … အမေ့ကို လာခေါ်ရင် အောက်ဆီဂျင်ပါတဲ့ ကားလေးများ ရမလားလို့ပါ … ကျမတို့ ဝယ်ထားတဲ့စက်က ပလတ်ထိုး သုံးရတာမို့ ကားပေါ်ဆို အဆင်မပြေလို့ပါ …

ထုံးစံအတိုင်း အဖြေက တိုင်းကျန်းမာရေးရုံးက စီစဉ်ပေးတာမို့ တိုင်း အဲ့ကို အကြောင်းကြားပါတဲ့လေ … ဟုတ်ကဲ့ …

ကျမရဲ့ ဖုန်းဆက်တောင်းပန်ရတဲ့ အစီအစဉ်က တစ်ကနေ ပြန်စပါတယ် … ရပ်ကွက်အုပ်ချုပ်ရေးမှုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်းမာရေး၊ နောက်ဆုံး အဲ့ တိုင်းကျန်းမာရေးရုံးရဲ့ ခွင့်ပြုချက်နဲ့ပဲ အဆုံးသတ်ပါတယ် …

လူများလို့နေရာလွတ်ပဲ ရောက်ရမယ် ဆိုတာနားလည်ပါတယ် … ဒါပေမဲ့ လူနာကကျမအမေပါ … ကျမပါပါး မရှိတော့လို့ နောက်ဆုံး ကျမမာမားကိုတော့တကယ် ဖြစ်သလို ကျမ မထည့်နိုင်မလွှတ်နိုင်ပါဘူးရှင် …

ညနေ ၃ နာရီဆေးရုံကား ရောက်လာပါပြီတဲ့ …
ဟုတ်ပြီ နေရာမေးလိုက်ပါတယ် … အောင်မြင့်မိုရ်တဲ့ … ကျမတကယ် မကြားဖူးတဲ့နေရာပါ …

အိုကေ အောက်ဆီဂျင်ပါလားဆိုတော့ မပါပါဘူးတဲ့ … လူ ၁၅ ယောက်လုံး ပြွတ်သိပ်ထည့်ပြီး အဲ့ကားနဲ့ပဲ လိုက်ရပါမယ်တဲ့ …

ကျေးဇူးတွေ တအားတင်ပါတယ် … ကျမအမေကို လုံး၀ မထည့်ပေးနိုင်ပါဘူးလို့ … မထည့်လို့ မရပါဘူးတဲ့ … တိုင်းကျန်းမာရေးရုံးက စီစဉ်တာပါတဲ့ … ကျမ ဒီလောက်အကြိမ်ကြိမ် တောင်းပန်ထားတာအောက်ဆီဂျင်မပါတဲ့ကားနဲ့ ကျမ မထည့်နိုင်ပါဘူးရှင် … ရှင်တို့ ရိုက်ပြီးကားပေါ်တင်ရဲရင် တင်‌လိုက် ပြောတော့မှ မကျေမနပ်နဲ့ ဒါဆို အမတိုင်းကျန်းမာရေးကို အကြောင်းကြားပါတဲ့လေ …

ထပ်ဆင့် ကျေးဇူးတင်ပါတယ် …
သမ္မတကိုဆက်ပါ ဆိုတောင်ကျမ မဆက်တော့ပါဘူးရှင် …

နောက်ဆုံး ကျမရုံးက ဥက္ကဌက တဆင့်ပဲ အန်ကယ်ဦးဇော်ဇော်ရဲ့ AYA Foundation မှာ မာမားအတွက် တနေရာရဖို့ အကူအညီ တောင်းခဲ့ရပါတယ် …

အခု မာမား AYA HDU အဆောင်ထဲမှာပါ …

ကူညီပေးတဲ့ ဥက္ကဌဦးအိုက်ထွေးနဲ့ ဒုဥက္ကဌဦးအောင်မြင့်၊ ဦးစိန်ဝင်း၊ ဦးစိုင်းအောင်ကျော်၊ ဦးဇော်ဇော်၊ ကျန်တဲ့ ကျမရုံးက လူကြီးအပေါင်းကို ကျမ ဒီကနေလက်အုပ်ချီ ကန်တော့ပါတယ် သူတို့ကြောင့် ကျမ အခုထိ မပြိုလဲသွားသေးဘဲ တောင့်ခံ နေနိုင်တာပါ … ကျမရုံးသာမရှိရင် ကျမ ဘယ်လိုမှ ခံနိုင်ရည် ရှိမှာမဟုတ်ပါဘူး …

အခု မာမားက အောက်ဆီဂျင်တော့ဖြုတ်မရသေးပါဘူး … ကျန်တာအကုန် နေကောင်းပါတယ်လို့ ပြောပါတယ်… မာမားနဲ့လဲ ဖုန်းအဆက်အသွယ် ရပါတယ် …

အန်ကယ်ဦးဇော်ဇော်ရဲ့ စေတနာတွေကိုလဲ ကျမ တကယ် အံ့မခန်းလောက်အောင်ပါပဲ
ကျမတို့ညီအမ ၃ ယောက် ကတော့ ဒုတိယအကြိမ် ထပ်စစ်ဖို့ ဟိုတယ်မှာဆက် နေနေဆဲပါ …

ကိုယ်တိုင်ကြုံတော့မှ လူတွေအကြောင်း နားလည်ရပါတယ် …
ကိုဗစ်က ကြောက်ဖို့ကောင်းပါတယ် …
ကျမအဖေ အသက်နဲ့ရင်းပြီး ကျမတို့လဲ သင်ခန်းစာ ကောင်းကောင်း ရပါတယ် …

တကယ်ဖြစ်ရင် ဘယ်သူမှ ကိုယ်ချင်းစာပြီး လုပ်ပေးမယ်လို့ မထင်ပါနဲ့ …

ဒီကြားထဲ အပြောအဆို ခံရတာတွေတခြား အဆင်မပြေတာတွေ ကျမထည့်မရေးတော့ပါဘူး …
ကျမ ဒီစာရေးရတာ အားလုံးကိုဂရုစိုက်စေချင်လို့ပါ …

ဘယ်သူ ကောင်းတယ် ဆိုးတယ် ကျမဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး …

အကုန်လုံး ကျမတို့ကံနဲ့ ကျမတို့ပေါ့ဆမှုကြောင့်ပဲ သတ်မှတ်ပါတယ် … ထပ်ပြောပါ့မယ် …
ကျမအမေနဲ့ ပတ်သက်တာမို့ ကျမ တကိုယ်ကောင်း ဆန်ပါတယ် …

ကျမ တတ်နိုင်တဲ့ဘက်က ကျမ မာမားအတွက် အကောင်းဆုံး လုပ်ပေးနေရမှာ ကျမတာဝန်ပါ …
ကျမ အသက်ရှိသရွေ့ ကျမမိဘနဲ့ပတ်သက်ရင် ကျမ တကိုယ်ကောင်းဆန်ပါတယ် …

အခုချိန် မာမားအတွက် လူသတ်ပါ ဆိုရင်တောင် ကျမ သတ်ဖို့ ဝန်မလေးတဲ့အထိ ကျမ တကိုယ်ကောင်း ဆန်ပါတယ် …
ထပ်ဆင့် သတိပေးပါတယ် … ကိုဗစ်က ကြောက်ဖို့ကောင်းပါတယ် …

ကျမအတွက် စိတ်ပူပေးကြတဲ့ အားပေးကြတဲ့သူ အပေါင်းကိုလဲတကယ် ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် …

ကျမမာမားအတွက် ကျမ ခံနိုင်ပါသေးတယ် … ကျမ တောင့်ခံထားပါတယ်

Yu Yu Yun

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top