ရွှေကုက္ကိုလောင်းကစားမြို့တော်တွင် နိုင်ငံခြားသား (၁၉၀၀) ကျော် ဗီဇာသက်တမ်းလွန်နေဟုဆို

ရွှေကုက္ကိုလောင်းကစားမြို့တော်တွင် နိုင်ငံခြားသား (၁၉၀၀) ကျော် ဗီဇာသက်တမ်းလွန်နေဟုဆို

မြဝတီမြို့မှာ BGF အပါအဝင် NCA ထိုးထားတဲ့အဖွဲ့(၂)ဖွဲ့ပိုင်တဲ့ တရားမဝင်ကာစီနိုရုံနဲ့ လောင်းကစားဂိမ်းရုံတွေကို အမြန်ဆုံးဖျက်သိမ်းဖို့ ညွှန်ကြားထားတယ်လို့ နိုင်ငံတော်သမ္မတရုံးက သိရပါတယ်။

ဒီနေ့ အောက်တိုဘာလ(၂၃)ရက်နေ့ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အခုလိုပြောခဲ့တာပါ။

“မြဝတီကိုစစ်ကြည့်တော့ ကာစီနို(၃)ရုံ၊ လောင်းကစားရုံဂိမ်းရုံ(၁၁)ရုံတွေ့တယ်။ ဒါတွေက တရားမဝင်လုပ်ထားတာတွေဖြစ်တယ်။ အဲမှာ တချို့ BGF ကပါတယ်၊ တချို့ NCA ထိုးပြီးသား အဖွဲ့(၂)ဖွဲ့ပါတယ်၊ နာမည်တော့ ကျွန်တော်မပြောတော့ဘူး ကျွန်တော်တို့ သက်ဆိုင်ရာကတဆင့် ညွှန်ကြားထားတာတွေရှိတယ်။”လို့ သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ကာစီနိုရုံတွေ၊ ဂိမ်းရုံတွေဟာဥပဒေနဲ့မညီတာကြောင့် NCA ထိုးထားတဲ့ အဖွဲ့(၂)ဖွဲ့ကို ငြိမ်းချမ်းရေးကော်မရှင်ကတစ်ဆင့် အမြန်ဆုံးဖျက်သိမ်းပေးဖို့ ညွှန်ကြားထားပြီး နယ်ခြားစောင့်တပ် BGF ကိုတော့ တပ်မတော်ကွပ်ကဲမှုအောက်မှာရှိတဲ့အတွက် တပ်မတော်ဘက်ကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွှေကုက္ကိုလ်မြို့သစ်မှာ ဗီဇာသက်တမ်းလွန်နေတဲ့ ပြည်ပနိုင်ငံ(၈)နိုင်ငံက နိုင်ငံခြားသား(၁၉၀၀)ကျော်တွေ့ရပြီး အဲဒီထဲမှာ တရုတ်နိုင်ငံသား (၁၉၁၄)ယောက်ပါဝင်နေပြီး သက်တမ်းလွန်နေတဲ့ နိုင်ငံခြားသားတွေနဲ့ ပတ်သက်လို့ ကရင်ပြည်နယ်အစိုးရကမတင်ပြနိုင်သေးဘူးလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top