လယ်ကွက်အတွင်း ဦးခေါင်းခွံ၊ အရိုးစုများနှင့် ဆံချည်မျှင်များ တွေ့ရှိသည့်ကိစ္စ စုံစမ်းနေ

လယ်ကွက်အတွင်း ကြွက်ထောင်သွားဆင်စဉ်တွင် လူ့ဦးခေါင်းခွံ၊ အရိုးစုများနှင့် ဆံချည်မျှင်များတွေ့ရှိရသည့် ဖြစ်စဉ်ကြောင့် သက်ဆိုင်ရာက စုံစမ်းလျက်ရှိကြောင်း အုတ်ဖိုမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ကြိုးကိုးပင်ကျေးရွာအုပ်စု၊ ကျွဲဖြူမကျေးရွာ၏ အရှေ့ဘက် ၅ ဖာလုံခန့်အကွာ လယ်ကွက်အတွင်းတွင် ရွာသားကလေးတစ်ဦးက အောက်တိုဘာ ၂၅ ရက်၌ ကြွက်ထောင်စဉ်တွင် ဆံပင်ချည်ထွေနှင့် အရိုးများတွေ့ရှိကြောင်း သတင်းပေးချက်အရ တာဝန်ရှိသူများက ညနေ ၄ နာရီ၌ သွားရောက်စစ်ဆေးခဲ့သည်။

အခင်းဖြစ်လယ်ကွက်မှာ ကျွဲဖြူမကျေးရွာနေဦးစန်းဝင်းပိုင်ဆိုင်သော ကွင်းအမှတ်(၆၅၆)၊ ဦးပိုင်အမှတ်(၃၂၅) ဖြစ်ပြီး (ဝ.၅)ဧကအတွင်းရှိ စပါးရိတ်သိမ်းချွေလှေ့စက်ဖြင့် ရိတ်သိမ်းထားသော ရိုးပြတ်များအတွင်း၌ လူ့အရိုးဟုယူဆရသည့် အပိုင်းအစများနှင့် သက်သေပစ္စည်းများကို ယခုလိုတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အရှည်တစ်တောင်ခန့်ရှိ ထိပ်ဖျား၌ထုံးလျက်နှင့် ဆံပင်ချည်ထွေး၊ ကွဲကြေလျက်ရှိသော လူဦးခေါင်းခွံအရိုးဟု ယူဆရသည့် အပိုင်းအစ၊ လူတင်ပဆုံဟုယူဆရသည့် အရိုးအပိုင်းအစ(၂)ခု၊ ခြေသလုံးအရိုးဟုယူဆရသည့်အပိုင်းအစ(၂)ခု၊ လူပေါင်အရိုးဟု ယူဆရသည့်အပိုင်းအစ(၂)ခု၊ လူလက်ဖျံအရိုးဟုယူဆရသည့်အပိုင်းအစ(၁)ခု၊ အမျိုးသမီးဝတ်အတွင်းခံချွေးခံအင်္ကျီတစ်ထည်၊ ချွေးခံအင်္ကျီအတွင်း၌ ကျွတ်ကျွတ်အိတ်ဖြင့်ထည့်ထားသော တစ်ထောင်ကျပ်တန်(၂)ရွက်၊ ၅၀ ကျပ်(၁)ရွက်နှင့် ကြေးလက်စွပ်တစ်ကွင်းတို့ကို တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ချွေးခံအင်္ကျီဟောင်းအတွင်း တွေ့ရှိသည့်ပစ္စည်းများမှာ ကျွဲဖြူမကျေးရွာနေ ဒေါ်လှတင် (၈၈)နှစ်၏ ပစ္စည်းများဖြစ်ကြောင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းမှာ ပြီးခဲ့သည့်စက်တင်ဘာလအတွင်းက ပျောက်ဆုံးနေသူဖြစ်ကြောင်း မိသားစုဝင်များ၏ ပြောပြချက်အရ သိရသည်။

ကနဦးစုံစမ်းဖော်ထုတ်ချက်များအရ ရဲမှတ်တမ်းအဖြစ်ရေးမှတ်ကာ တွေ့ရှိထားသော ဆံပင်ချည်မျှင်များနှင့် အရိုးစုများကို လူ့အရိုးစု/အမျိုးသား(သို့)အမျိုးသမီး ဟုတ်/မဟုတ်စစ်ဆေးရန်အတွက် အုတ်ဖိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေးစေလျက်ရှိပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ရဲလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖြစ်စဉ်ကွင်းဆက်ကို အုတ်ဖိုမြို့နယ်ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းလျက်ရှိကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top