တနင်္သာရီတိုင်းထဲမှာ မြောက်ကိုရီးယားလို စနစ်မျိုးနဲ့ အုပ်ချုပ်ခံနေရတဲ့ ရွာကလေး

တနင်္သာရီတိုင်းထဲမှာ မြောက်ကိုရီးယားလို စနစ်မျိုးနဲ့ အုပ်ချုပ်ခံနေရတဲ့ ရွာကလေး

လူတဦး၊ မိသားစုတစုတွင်မက တရွာလုံး ပိုက်ဆံမရှိဘဲ ရပ်တည်နေထိုင်သည့် ရွာတရွာမှာ တနင်္သာရီတိုင်းအတွင်း ရှိနေသည်။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစု မြို့နယ်အတွင်းရှိ ရေမြစ်ကြီးကျေးရွာအုပ်စုတွင် ယင်းရွာရှိနေသည်။

အမည်က “ဒုံးဆွေသန်းကျေးရွာ”။ ဒုံးကျွန်းအုပ်စုအတွင်း ဒုံးပုလဲအော်၊ ဒုံးညောင်မှိုင်း၊ ဒုံးဒဟွန်း စသည့်ကျေးရွာ အမည်များ ရှိကြသည်ကို လူအများက သိကြသည်။ သို့သော် “ဒုံးဆွေသန်းကျေးရွာ” ဟု ရွာလှေဆိပ်တွင် ဆိုင်းဘုတ်ကြီးတင်ထားသော်လည်း သူ့ရွာအမည်ကို လူအများ သိပ်မကြားဖူးကြ။

သည်ရွာကို ဦးဆွေသန်းဆိုသူက လွန်ခဲ့သည့် နှစ်ပေါင်းလေးဆယ်ကျော် ကတည်းက တည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် အိမ်ခြေတစ်ရာနီးပါးပင် ရှိလာနေပြီဖြစ်သည်။ ယင်းရွာတွင် လက်ရှိနေထိုင်နေကြသူ အားလုံးက တခြားဒေသများမှ လာရောက်လုပ်ကိုင်ပြီး အခြေချနေထိုင် သူများဖြစ်ကြသည်။

သို့သော် ဦးဆွေသန်းမှာ ဆုံးပါးသွားခဲ့ပြီ ဖြစ်သည်။ ၎င်းအစား သမီးဖြစ်သူက အဖေ၏လုပ်ငန်းများအား ဆက်လက်ဦးဆောင် လုပ်ကိုင်နေသည်။ ရွာရှိအသက် ၁၂ နှစ်အရွယ် ယောကျာ်းကလေးမှအစ လုပ်နိုင်ကိုင်နိုင်သည့် အမျိုးသားအားလုံးမှာ ပင်လယ်ပြင် ထွက်၍ ငါးပုစွန်ဖမ်းကာ နေ့တဓူဝ လုပ်ကိုင်နေကြသည်။

သို့သော်လည်း ၎င်းတို့ နေပူ မိုးရွာမရှောင် လုပ်ခဲ့ကြသည့် လုပ်အားခ ငွေကြေး တစ်ပြား တစ်ချပ်မှ မြင်ဖူးကြခြင်းမရှိကြ။ ယင်းအစား လိုအပ်သည့် ရိက္ခာများကိုသာ သူတို့ရရှိကြသည်။ “ပိုက်ဆံကိုတော့ ဒီရွာမှာ ဘယ်သူမှ မကိုင်ကြရဘူး” ဟု ယင်းရွာနေ အသက် ၄၅ နှစ်ခန့်ရှိသူ အမျိုးသားကပြောသည်။

ရွာရှိပုစွန်ငါးဖမ်းပိုက်လှေ ၉၀ ရာခိုင်နှုန်းကို ဦးဆွေသန်းဆိုသူက ပိုင်ဆိုင်ထားပြီး ရွာသား ၉၀ ရာခိုင်နှုန်းသည်လည်း ၎င်းထံတွင် အလုပ်လုပ်နေကြရသည်။ အလုပ်သမားတစ်ဦး၏ တစ်လ လုပ်အားခမှာ ကလေးဆိုလျှင် ကျပ်သုံး သောင်းဝန်းကျင်နှင့် လူကြီးဖြစ်ပါက ကျပ်တစ်သိန်းဝန်းကျင်ခန့် ရရှိကြသည်။ သို့သော်ရရှိသည့် လုပ်အားခကိုမူ ငွေကြေးအဖြစ် သူဌေးက မည်သည့်အခါကမှ ထုတ်ပေးခြင်းမရှိ။

ငွေရှိပါကလည်း ဝယ်ခြမ်းစား သောက်စရာ ဈေးဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အရက်ဆိုင်၊ ကွမ်းယာဆိုင် ဟူ၍လည်း ရွာတွင် မရှိ။ ဆိုင်ဆိုသည်က နတ္ထိ။ ရွာသားများလိုအပ်သည့် ပစ္စည်းအားလုံးကို ဦးဆွေသန်း ဆိုင်တစ်ခုတည်းတွင်သာ ရယူကြရသည်။ “ဆိုင်ဆိုတာ သူတို့မထိုင်ဖူးကြသူက များတယ်။ တခြားရွာရောက်လို့လည်း ဆိုင်ထိုင်ဖို့ သူတို့မှာ ပိုက်ဆံမှမရှိတာ” ဟု အသက် ၄၅ နှစ်ရှိ ယင်းရွာသား တစ်ဦးက ပြောသည်။

ရွာတွင် အလယ်တန်းအဆင့်ထိ စာသင်ကျောင်းရှိသော်လည်း လူငယ် သုံးပုံတစ်ပုံမှာ ကျောင်းမနေကြရ။ စောစော စီးစီး လုပ်ငန်းခွင်ထဲ ဝင်ရောက်လုပ်ကိုင် နေကြရသည်။ ဦးဆွေသန်းထံတွင် ရွာ၏လူဦးရေ ၉၀ ရာခိုင်နှုန်းခန့် အလုပ်လုပ်နေကြရာတွင် အသက် ၁၈ နှစ်အောက် ရေလုပ်သား ငါးဆယ်ကျော်ခန့်လည်း ဝင်ရောက် လုပ်ကိုင်နေကြသည်ဟု ရွာသားများက ပြောပြသည်။

“သူဌေးနားမှာ အလုပ်လုပ်နေသူတွေက တစ်ယောက်မှ အကြွေးမကင်းကြဘူး။ အနိမ့်ဆုံးဆယ်သိန်းလောက်တော့ အကြွေးတင်နေကြတယ်” ဟု ယင်းရွာတွင် နေထိုင်သည့် အသက် ၃၅ နှစ်ရှိ မဖြူ (အမည်လွှဲ) ကပြောသည်။ အကြွေးတင်နေသူများကို သူဌေးက ရသည့်လစာထဲမှ လစဉ်နုတ်ယူလျက် ရှိပြီး ယင်းလူများအား ရိက္ခာပစ္စည်း ရောင်းချရာတွင်လည်း တစ်နေ့ နှစ်ထောင့် ငါးရာတန်ဖိုးထက် ပိုရောင်းပေးခြင်း မရှိဟု ၎င်းတို့ကဆိုသည်။

ယင်းအပြင် ကျန်းမာရေးမကောင်းသဖြင့် အလုပ်မဆင်းနိုင်လျှင်လည်း ယင်း မိသားစုအား အလားတူ တစ်နေ့ နှစ်ထောင်ထက် ပိုရောင်းပေးလေ့မရှိဟု ရွာသားများကပြောပြသည်။ “လူများတဲ့ မိသားစုက ဘယ်လိုလုပ်ပြီး စားလောက်မလဲ။ ဆန်တစ်ပြည်ပဲ တစ်ထောင်ကျော်ကျနေပြီ” ဟု မဖြူ က ညည်းသည်။

အိမ်ထောင်ဦးစီးသေလျှင် ကျန်ရစ်သည့် မိသားစုက အကြွေးကျေအောင် လုပ်ဆပ်နေရပြီး သူဌေးအကြွေးသံသရာ ဝဲသြဃအတွင်း သူတိုဘဝများ မရုန်း ထွက်နိုင်ကြတော့။ ရွာရှိနေအိမ်များအတွက် ညဘက် လျှပ်စစ်မီးကို ဦးဆွေသန်းက ပေးထားပြီး လစဉ်လျှပ်စစ်မီးဖိုး ခုနစ်ထောင်နှင့် ရန်ပုံငွေကြေး နှစ်ထောင် ပေးရသည်ဟု ၎င်းတို့က ပြောပြသည်။

ရန်ပုံငွေများအား အလုပ်သမား မိသားစုဝင်များ ဖျားနာသေလျှင် ထုတ်ပေးပြီး လူကြီးဖြစ်ပါက ကျပ်တစ်သိန်းနှင့် ကလေးဆိုပါက ကျပ်ငါးသောင်းဖြစ်သည်။ “တအား အသည်းအသန်ဖြစ်ပြီး မြို့တက်ဆေးရုံဆေးခန်း ပြရမယ်ဆိုမှ စာရွက်မှာ လက်မှတ်ထိုးပြီး မြိတ်အိမ်မှာ သွားထုတ်ရတာ” ဟု ယင်းရွာနေ အသက် ၅၀ နီးပါးရှိ မညို (အမည်လွှဲ)သူက ပြောသည်။

ရန်ပုံငွေနှင့် ပတ်သက်ပြီး လစဉ် ထည့်နေရသော်လည်း မည်ရွေ့မည်မျှ ရှိသည်ကို ရွာသားများမှ မသိကြ။ ရှင်းတမ်းထုတ်ရန်လည်း သူတို့မတောင်း ဆိုရဲကြ။ လကုန်လျှင် ပေးဖို့တာဝန်သာ သူတို့ ခေါင်းထဲ စွဲနေကြသည်။ ရွာတွင် သူဌေးခွင့်ပြုချက်မရဘဲ တဲတစ်လုံးကိုပင် ဆောက်ပိုင်ခွင့်မရှိကြ ဟု အသက် ၅၀ နီးပါးရှိ အမျိုးသားက ပြောပြသည်။ ၎င်းမှာ လှေပေါ်တွင် အိမ်လုပ်နေထိုင်သည်မှာ ဆယ်စုနှစ်နှင့် ချီနေပြီဖြစ်သည်။

သူဌေးထံတွင်မလုပ်ဘဲ ကိုယ်ပိုင် တစ်နိုင်တစ်ပိုင် လုပ်နေကြသူအချို့လည်း ရှိသည်။ သို့သော် သူတို့ထဲမှ ရသည့်ငါးပုစွန် အချို့ကိုလည်း သူဌေးထံသို့ ရောင်းကြရ သည်များရှိကြသလို မြို့တက်ပြီးသွား ရောင်းကြသူများလည်း ရှိနေကြသည်။ “မြို့မှာရောင်းရင် ရှစ်ထောင်လောက် ရမယ့် ပုစွန် ဒီမှာက သုံးထောင်ပဲပေးတာ။ ကျွန်တော်တို့တော့ မရောင်းကြဘူး” ဟု တစ်နိုင်တစ်ပိုင် ပုစွန်ပိုက်လုပ်ငန်းလုပ် သူ အမျိုးသားက ပြောသည်။

ဒုံးဆွေသန်းရွာကလေးကား ပြီးခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအချိန်တွင် ရွာသားများအနေနှင့် အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ပါတီအား မဲပေးခဲ့သည့်အတွက် သုံးရက်တိတိ သူဌေးမှ ရိက္ခာဖြတ်တောက် လိုက်ခြင်းကိုလည်း ခံစားဖူးသည်။ ယင်းကြောင့် ၂၀၁၅ တွင် အစိမ်းပါတီကို မဲပေးခဲ့ကြသည်။ ယခုလည်း ရိက္ခာဖြတ်မည်ဟု အသံကြားရနေသည့်ကြားထဲက အဖွဲ့ချုပ်ပါတီအား ဝိုင်းဝန်းမဲပေးလိုက်ကြ၍ ယင်းရွာ အနိုင်ရရှိသွားပြီဖြစ်သည်။

အဖွဲ့ချုပ်အား မဲပေးသည့်အတွက် ရွာသားများအနေနှင့် ခွေးလောက်ပင် ရွာအပေါ် မချစ်ကြောင်း သူဌေးက ပြောသည်ကို ခံခဲ့ရဖူးကြောင်း အသက် ၆၀ အရွယ် အမျိုးသား ဆိုသည်။ “ရိက္ခာပဲ ဖြတ်ဖြတ်။ ဘာပဲဖြတ်ဖြတ်။ ကိုယ်ကြိုက်တဲ့ပါတီကိုတော့ မဲပေးလိုက်ပြီးပြီ” ဟု မဖြူ က လက်မထောင်ပြီး ပြောသည်။

“သုံးရက်ရိက္ခာဖြတ်တော့ နောက်ဆုံးနေ့ သူဌေး ကထိန်မှာ ငွေကြဲတော့ သားတွေမှာ ပိုက်ဆံနှစ်ထောင် ရလာတယ်။ ဒီငွေနဲ့ပဲ ဆန်ဝယ်ခိုင်းပြီး မိသားစု ထမင်းချက်စား ခဲ့ရတယ်” ဟု မဖြူက ကြုံခဲ့ရသည့် ခါးသီးအတွေ့အကြုံအား ရယ်မောရင်း ပြန်ပြောင်းပြောပြသည်။

ယင်းရွာအား နိုဝင်ဘာလ ၁၀ ရက်နေ့က သွားရောက်လေ့လာခဲ့သည့် ကျွန်းစုမြို့နယ် အမျိုးလွတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ရွာရှိ ဦးဆွေသန်း အမည်ပေါက် မြေယာလုပ်ပိုင်ခွင့်များအား ပြန်လည်စိစစ်ခြင်း၊ အလုပ်သမား အခွင့်အရေးနှင့် ကျေးရွာလူထု အသိပညာဖွံ့ဖြိုးရေး စသည့် လုပ်ငန်းများ လုပ်ဆောင်ရန် လတ်တလော လိုအပ်နေပြီဖြစ်ကြောင်း မှတ်ချက်ပေးသည်။ “ဒီလိုမှမလုပ်ရင်တော့ ငွေဝယ်ကျွန် ဘဝက သူတို့တစ်သက်လုံး လွတ်မြောက်နိုင်မှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

The Tanintharyi Weekly

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top