ပျက်သွားတဲ့အခြေခံဥပဒေ(၂)ခုကို ဥပမာပေးပြီး အခြေခံဥပဒေကို မလိုက်နာရင် ဖျက်ပစ်ရမယ်လို့ တပ်ချုပ်ပြော
================
ဇန်နဝါရီ(၂၇)ရက်၊ ၂၀၂၁။
အခြေခံဥပဒေကို မလေးစား၊ မလိုက်နာရင် အဲဒီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်ရမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီနေ့ပြောလိုက်ပါတယ်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ ဥပဒေရဲ့ Mother Law ပဲ။ ဒါကြောင့် ငါတို့က ဒါကိုတော့ လေးစား လိုက်နာဖို့လိုတယ်လို့ ပြောလိုတယ်၊ စောစောကပြောတဲ့ ဥပဒေကို မလေးစားဘူး၊ မလိုက်နာဘူးဆိုရင် ဒီဥပဒေကို ဖျက်ပစ်ရမယ်။ ဆိုလိုတာကတော့ အခြေခံဥပဒေဆိုရင်လည်း ဖျက်ပစ်ရမယ်။ ဒီဥပဒေကို မလိုက်နာဘူးဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်ရမယ်။”
တပ်ချုပ်ဟာ ဒီနေ့ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်က နည်းပြအရာရှိကြီးတွေနဲ့ သင်တန်းသားအရာရှိကြီး တွေကို Video Conferencing နဲ့ တွေ့ဆုံအမှာစကားပြောတဲ့အချိန် ထည့်သွင်းပြောခဲ့တာပါ။
“ဒါကြောင့် တော်လှန်ရေး ကောင်စီခေတ်တုန်းကလည်း ၁၉၄၇ ခုနှစ်၊ ဥပဒေကိုဖျက်လိုက်တာပဲ။ နဝတခေတ် တပ်မတော်တက်လာတဲ့အခါမှာ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်လိုက်တာပဲ။ အခု ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေက တရားဝင်ရှိနေတဲ့ဥပဒေ တည်ဆဲဥပဒေ။ ဒါဟာ နိုင်ငံရေးမှာအင်မတန်အရေးကြီးတဲ့ အခြေခံအကြောင်းတစ်ခု အနေနဲ့ မင်းတို့ကို ပြောလိုတယ်။ ပြီးပြီးရော လုပ်လို့မရဘူး။ဒါကြောင့် ဥပဒေအသိ မင်းတို့ခေါင်း ထဲမှာရှိနေဖို့လိုတယ်။ ဥပဒေအမြင် မင်းတို့ခေါင်းထဲမှာရှိနေဖို့လိုတယ်။”လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
မနေ့က ဇန်နဝါရီလ(၂၆)ရက်နေ့ကလည်း တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ ပြောလို့မရတဲ့အကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။
အဲဒီလို တပ်မတော်ဘက်က ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး အခုအချိန်မှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
#Omedia #Covid19 #Myanmar #SW