အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ လက်ရှိမြန်မာ့အရေးအပေါ် ကြေညာချက်အပြည့်အစုံ

မြန်မာနိုင်ငံအတွင်း စစ်တပ်၏အာဏာသိမ်းယူမှု၊ အောင်ဆန်းစုကြည်နှင့် အရပ်သားတာဝန်ရှိပုဂ္ဂိုလ်များအား ဖမ်းဆီးထိန်းသိမ်းမှုနှင့် နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာမှုတို့သည် နိုင်ငံတော်၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့် ဥပဒေစိုးမိုးမှုကို တိုက်ရိုက်ကျူးလွန်တိုက်ခိုက်ခြင်းဖြစ်သည်။ ဒီမိုကရေစီစနစ်တစ်ရပ်တွင် အင်အားကိုအသုံးပြု၍ နိုင်ငံသားတို့၏ဆန္ဒကိုပယ်ဖျက်ရန် သို့မဟုတ် အများယုံကြည်လက်ခံသောရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ရန် မလုပ်ဆောင်သင့်ပါ။

မြန်မာနိုင်ငံသားတို့သည် ရွေးကောက်ပွဲများကျင်းပနိုင်ရေး၊ အရပ်သားအုပ်ချုပ်မှုစနစ်ထူထောင်နိုင်ရေးနှင့် ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းနိုင်ရေးအတွက် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း တစ်စိုက်မတ်မတ် ကြိုးပမ်းအားထုတ်လာခဲ့ကြပါသည်။ ဤဖြစ်ပေါ်တိုးတက်လာမှုတို့ကို တန်ဖိုးထားလေးစားသင့်ပါသည်။

မြန်မာစစ်တပ်ကသိမ်းယူထားသောအာဏာကိုချက်ချင်းစွန့်လွတ်ရန်၊ ဖမ်းဆီးထိန်းသိမ်းထားသော တက်ကြွလှုပ်ရှားသူများနှင့်တာဝန်ရှိပုဂ္ဂိုလ်များအားလွှတ်ပေးရန်၊ ဆက်သွယ်ရေးကန့်သတ်ချက်အားလုံးကို ရုပ်သိမ်းပေးရန်နှင့် အရပ်သားပြည်သူများအပေါ်အကြမ်းဖက်ခြင်းမှရှောင်ကြဉ်ရန်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာစစ်တပ်အပေါ် တစ်သံတည်းဖြင့် ညီညွတ်စွာအတူတကွ ပူးပေါင်းဖိအားပေးသင့်ပါသည်။ ယခုကဲ့သို့အခက်အခဲဖြစ်ပေါ်နေသည့်ကာလအတွင်း မြန်မာနိုင်ငံသားများနှင့်အတူ ရပ်တည်ပေးကြသူများအား အမေရိကန်ပြည်ထောင်စုက မှတ်တမ်းတင်ထားပါသည်။ ဒီမိုကရေစီပြန်လည်အသက်သွင်းရေးနှင့်ဥပဒေပြန်လည်စိုးမိုးရေးအပြင် မြန်မာနိုင်ငံ၏ဒီမိုကရေစီအသွင်ကူးပြောင်းရေးနောက်ကြောင်းပြန်လှည့်စေမှုအတွက် တာဝန်ရှိသူများကိုလည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် မိမိတို့အနေဖြင့် ဒေသတွင်းနှင့်ကမ္ဘာတစ်လွှားမှ မိတ်ဖက်နိုင်ငံများအတူ လက်တွဲဆောင်ရွက်သွားမည်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ်ချမှတ်ထားခဲ့သောအရေးယူပိတ်ဆို့မှုများကို လွန်ခဲ့သောဆယ်စုနှစ်အတွင်းတိုးတက်မှုများအပေါ်အခြေခံ၍ ပြန်လည်ရုပ်သိမ်းပေးခဲ့ပါသည်။ ယင်းတိုးတက်မှုများကိုနောက်ကြောင်းပြန်လှည့်စေသည့်အတွက် မိမိတို့၏ ပိတ်ဆို့အရေးယူမှုဥပဒေများနှင့် လုပ်ပိုင်ခွင့်များကို အမြန်ဆုံးချက်ချင်းပြန်လည်သုံးသပ်ရန်လိုအပ်လာမည်ဖြစ်ကာ သင့်တော်သောအရေးယူမှုများကိုလည်း လုပ်ဆောင်ရမည်ဖြစ်သည်။ဒီမိုကရေစီသည် မည်သည့်နေရာ၌ဖြစ်စေ ထိပါးနှောက်ယှက်ခံနေရပြီးဆိုပါက အမေရိကန်ပြည်ထောင်စုအနေဖြင့် ယင်းအတွက်ရပ်တည်သွားမည်ဖြစ်သည်။

BBC

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top