ငယ်ရွယ်စဉ် ဆံပင်ဖြူရခြင်း အကြောင်းရင်းများ

ငယ်ရွယ်စဉ် ဆံပင်ဖြူရခြင်း အကြောင်းရင်းများ

ဆရာရယ်။ ကျမသမီးလေးက ခုမှ ၉တန်းပဲရှိသေးတယ်။ ကြည့်ပါဦး။ ခေါင်းမှာ ဆံပင်ဖြူတွေပေါက်နေပြီ။ ဘယ်လိုလုပ်ရမလဲမသိဘူး။ကလေးက အရွယ်လေးလည်းရောက်လာပြီဆိုတော့ ရှက်တာပေါ့။ သူ့ခေါင်းကဆံပင်ဖြူတွေကို သူငယ်ချင်းတွေမြင်ရင် စကြလို့တဲ့။ ငိုတောင်ငိုရတယ်

အသက်ငယ်ရွယ်သူတွေမှာ ဆံပင်ဖြူပေါက်တာကလည်း အဖြစ်များတဲ့ကျန်းမာရေးပြဿနာတစ်ခုပါပဲ။ အသက်ကြီးလာလို့ သဘာဝအတိုင်းဆံပင်တွေဖြူလာတာက ပြဿနာမရှိပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ဆံပင်ဖြူပေါက်ရင်တော့ တော်တော်စိတ်ညစ်ကြရတယ်။

ခုလိုမျိုး ဆယ်ကျော်သက်အရွယ်ကျောင်းသူလေးဆိုတော့ ပိုဆိုးတာပေါ့။ လှချင်ပချင်တဲ့အရွယ်ဆိုတော့သူ့ခမျာ ရှက်ရှာမှာပေါ့လေ။နော့်သူငယ်ချင်းတွေထဲမှာလည်း အထက်တန်းကျောင်းသားအရွယ်လောက်ကတည်းက ဆံပင်ဖြူပေါက်တဲ့သူတွေ တွေ့ဖူးတယ်။ ဆေးကျောင်းတက်နေရင်းနဲ့ ဆံပင်တွေဖြူလာတဲ့သူတွေလည်း အများကြီးတွေ့ဖူးတယ်။

အခုအသက် ၄၀ ကျော်အရွယ်သူငယ်ချင်းတွေထဲမှာတော့ တခေါင်းလုံးနီးပါးဖြူနေတဲ့သူ တစ်ယောက်စနှစ်ယောက်စရှိနေပြီလေ။ ဆံပင်ဖြူရတဲ့အကြောင်းရင်းကိုသိဖို့အတွက် ဆံပင်တွေကဘာကြောင့်အမည်းရောင်ဖြစ်နေတာလဲဆိုတာ အရင်လေ့လာကြည့်ကြရအောင်။

အမှန်ကတော့ ကျနော်တို့နိုင်ငံမှာသာ ဆံပင်ဆိုရင်အမည်းရောင်ပဲလို့သိကြပေမယ့် ကမ္ဘာ့လူဦးရေအချိုးအစားနဲ့တွက်ကြည့်ရင် ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံ ၃၆% လောက်က ဆံပင်အညိုရောင်ဗျ။ ကျနော်တို့ကလည်း ကိုယ့်ဆံပင်ကိုကိုယ်အမည်းရောင်လို့ထင်နေကြပေမယ့် သေသေချာချာကြည့်ရင် အညိုဘက်ကိုလုနေတာများပါတယ်။

တကယ်ကိုဆံပင်တွေမည်းနက်နေတတ်တာက အာဖရိကန်အနွယ်ဝင်တွေပါ။ ပြီးတော့ ဒေါ်နယ်ထွမ့်လိုဆံပင်အဝါရောင်တွေက ကမ္ဘာ့လူဦးရေရဲ့ ၂၉% ရှိပါတယ်တဲ့။

ဂျော့ချ်ကလူးနီလို ဆံပင်မီးခိုးရောင်တွေကတော့ ၁၅% ရှိပြီး၊ လုံးဝမည်းနက်နေတဲ့ဆံပင်ပိုင်ရှင်တွေကတော့ ၁၂% လောက်ပဲရှိပါတယ်။ ကျန်တဲ့ ၈% လောက်က ဆံပင်အနီရောင်တွေပါတဲ့။ အဲ့ဒါကြောင့် အော်ရီဂျင်နယ်ဆံပင်ဖြူတဲ့မျိုးနွယ်ကတော့ တော်တော်ကိုရှားတယ်ပြောရမှာပါ။

အဲ့ဒီလို လူတွေရဲ့ဆံပင်အရောင်တွေကို ညို၊ နက်၊ ဝါ၊ နီ ဖြစ်စေဖို့အတွက် အလုပ်လုပ်ပေးနေတာက Melanin လို့ခေါ်တဲ့ အရောင်ခြယ်တဲ့ဓာတ်တစ်မျိုးပါ။ အဲ့ဒီ Melanin ကိုထုတ်ပေးတဲ့နေရာက အရေပြားအောက်က ဆံပင်ထွက်တဲ့အမွေးအိတ်ကလေးတွေရဲ့အရင်းနားမှာရှိပါတယ်။

အသက်ကြီးလာလို့ပဲဖြစ်စေ၊ တခြားအကြောင်းတခုခုကြောင့်ပဲဖြစ်စေ အဲ့ဒီ Melanin ကိုမထုတ်နိုင်တော့ရင် ဆံပင်တွေကအရောင်တွေမထွက်တော့ဘဲ အဖြူရောင်ဖြစ်လာတာပါပဲ။ ဆိုတော့ အသက်အရွယ်ကြောင့်မဟုတ်ဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ဆံပင်ဖြူစေတဲ့အကြောင်းတွေက ဘာတွေလဲ။

(၁)မျိုးရိုးလိုက်တာကြောင့်လည်း ဆံပင်ဖြူတတ်တယ်။ မိဘဘိုးဘွားတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ဆံပင်ဖြူတယ်ဆိုရင် ကိုယ်လည်းအဲ့ဒီလိုပဲငယ်ငယ်လေးနဲ့ဆံပင်ဖြူတတ်တယ်။ အဲ့ဒါကတော့ ရှောင်လွှဲလို့မရဘူး။ ပြုပြင်လို့မရဘူး။ ကိုယ့်မိဘဘိုးဘွားတွေကိုသာ အပြစ်တင်ပေတော့ပဲ။

(၂)စိတ်ဖိစီးမှုများတာကြောင့်လည်း ဆံပင်ဖြူတတ်တယ်။ ဒါကလည်း လူတော်တော်များများယုံကြည်ထားကြပြီးသားပါ။ အလုပ်တွေရှုပ်လွန်းလို့၊ ခေါင်းတွေခြောက်လွန်းလို့ ဆံပင်တွေဖြူကုန်ပါပြီဆိုတာ တကယ်ပါနော်။ သိပ္ပံနည်းကျစမ်းသပ်ထားတဲ့ အဖြေတွေလည်းရှိပါတယ်။

စိတ်ဖိစီးမှုများတာ၊ Stress များတာနဲ့ ဆက်စပ်ပြီးတော့ ညညအိပ်မပျော်တာတွေ၊ စိတ်တိုလွယ်တာတွေ၊ အစားအသောက်ပျက်တာတွေ၊ သွေးပေါင်ချိန်တက်တာတွေပါ ဖြစ်တတ်ပါတယ်။

(၃)Autoimmune လို့ခေါ်တဲ့ လူ့ခန္ဓာကိုယ်ခုခံအားစနစ်ဖောက်ပြန်တဲ့ရောဂါတွေကြောင့်လည်း ဆံပင်ဖြူတတ်တယ်။ ထိပ်ပြောင်တာ၊ ဆံပင်ကျွတ်တာ၊ သမင်ဖြူကွက်တွေပေါ်တာနဲ့လည်း ဆက်စပ်နေတယ်။

(၄)သိုင်းရွိုက်ဟော်မုန်း နည်းလွန်းတဲ့ Hypothyroidism ရောဂါနဲ့၊ များလွန်းတဲ့ Hyperthyroidism ရောဂါတွေမှာလည်း Melanin ထွက်တာကိုထိခိုက်ပြီး ဆံပင်တွေဖြူတတ်တာတွေ့ရတတ်တယ်။

(၅)Vitamin B 12 ဓာတ်ချို့တဲ့သူတွေမှာလည်း ဆံပင်ဖြူတတ်တယ်။ B 12 ဓာတ်ချို့တဲ့သူတွေမှာ သွေးအားနည်းရောဂါဖြစ်တတ်ပြီး ဆံပင်ရဲ့ကျန်းမာရေးနဲ့ Melanin ထုတ်လုပ်မှုကိုပါ ထိခိုက်စေတယ်။

(၆)ကဲ ဒါကတော့ အမျိုးသားတော်တော်များများ သတိထားကြရမှာပါ။ ဆေးလိပ်သောက်ခြင်းဟာလည်း ဆံပင်ဖြူခြင်းကိုအားပေးပါတယ်တဲ့။ ဆေးလိပ်မှာပါတဲ့ ဓာတုပစ္စည်းတွေဟာ သွေးကြောတွေကိုကျဉ်းစေတာကြောင့် ဆံပင်တွေထွက်တဲ့အမွေးအိတ်လေးတွေဆီ သွေးသွားသွေးလာနည်းစေပါတယ်။ အဲ့ဒါကြောင့် ဆံပင်ဆံသားတွေရဲ့ကျန်းမာရေးကိုထိခိုက်ပြီး ဆံပင်ဖြူစေပါတယ်။

(၇)တချို့သော ခေါင်းလျှော်ရည်တွေ၊ ဆံပင်ပေါင်းဆေးတွေ၊ ဆံပင်ပျော့ဆေးတွေ၊ ခေါင်းလိမ်းဆီတွေကလည်း အခန့်မသင့်ရင်ဆံပင်ဖြူတာကို ပိုဆိုးစေပါတယ်တဲ့။ဒါ့အပြင် တခြားတခြားသောရောဂါတချို့မှာလည်း ဆံပင်ဖြူတာတွေဖြစ်တတ်ပါတယ်။

အဲ့ဒါကြောင့် ကိုယ့်မိဘမျိုးရိုးမှာဆံပင်ဖြူတတ်တယ်ဆို ကိုယ်ကလည်းအသက်ငယ်ငယ်ကတည်းက ရှောင်သင့်တာတွေရှောင်ရပါမယ်။ ဆေးလိပ်သောက်တာ၊ စိတ်ဖိစီးမှုများတာ၊ အစာအာဟာရကို မျှတအောင်မစားတာတွေက ဒုက္ခပေးပါလိမ့်မယ်။

ဒီနေရာမှာ အရေးကြီးတာတစ်ချက်က ဆံပင်ဖြူတွေကိုနှုတ်ပစ်ခြင်းဟာ ဆံပင်အရင်းအရေပြားအောက်က အမွေးအိတ်ကလေးတွေကိုထိခိုက်စေပါတယ်။ အဲ့ဒီနေရာကနေ နောက်ထပ်ဆံပင်ထပ်ပေါက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဆံပင်ဖြူကိုနှုတ်ပါများလွန်းရင် ဆံပင်ကျဲလာတာ၊ ပါးလာတာ၊ ထိပ်ပြောင်တာတွေ ဖြစ်လာနိုင်လို့ မနှုတ်သင့်ဘူးလို့ဆိုပါတယ်။

စျေးကွက်ထဲကဆံပင်ဆိုးဆေးတွေကလည်း ဓာတ်မတည့်တဲ့သူ၊ Allergic ဖြစ်တတ်တဲ့သူတွေရျိတာကြောင့် သတိထားပြီးသုံးသင့်ပါတယ်။ ကျနော့်ဆေးခန်းမှာဆို ဆံပင်ဆေးဆိုးပြီး Allergic ဖြစ်လို့ရောက်လာတဲ့သူတွေ တော်တော်များပါတယ်။ သူတို့ခမျာမှာလည်း လှချင်တော့ အယားခံပြီးတော့ကို ဆိုးကြတာပါပဲ။

ဒါဆို အန္တရာယ်ကင်းတဲ့သဘာဝဆံပင်ဆိုးဆေး မရှိဘူးလား။ ဒိန်ချဉ်ရယ်၊ ကော်ဖီမှုန့်ရယ်၊ လက်ဘက်အချိုခြောက်အရည် ခပ်ကျကျခပ်မည်းမည်းရယ်ကို ရောစပ်ပြီးတစ်ညသိပ်ထားပါ။ နောက်တနေ့မနက်ကျရင် အဲ့ဒီအနှစ်နဲ့ဆံပင်ကိုနှံ့စပ်အောင်သုတ်လိမ်းပြီး ၂ နာရီလောက် ခေါင်းကိုပုဝါနဲ့ပေါင်းထားပါ။ ပြီးရင် ဘာခေါင်းလျှော်ရည်မှမပါဘဲ ရိုးရိုးရေနဲ့ပဲခေါင်းလျှော်ပြီးအခြောက်ခံပါတဲ့။ ပြင်းထန်တဲ့ဓာတုပစ္စည်းတွေမပါဘဲ သဘာဝပစ္စည်းတွေပဲဖြစ်တာကြောင့် အန္တရာယ်သိပ်မရှိဘူးလို့ထင်ပါတယ်။ စမ်းချင်သူတွေ စမ်းကြည့်သင့်ပါတယ်။

ဆံပင်ဖြူခြင်းကို လျော့ပါးသက်သာစေတဲ့အစားအသောက်တွေကတော့ ဟင်းချက်ရင်ဆီသတ်တဲ့ ပျဉ်းတော်သိမ်ရွက်၊ လက်ဘက်ရည်အချို၊ မှိုအမျိုးမျိုး၊ အမဲအသည်း၊ နေကြာစေ့၊ ဆယ်လမွန်ငါး၊ အစေ့အဆံတွေ၊ ဘယ်ရီသီးအမျိုးမျိုးနဲ့ ပင်လယ်ကမာကောင်တွေဖြစ်ကြပါတယ်။

သို့သော် တန်ဆေးလွန်ဘေးဆိုသလို ဆံပင်ဖြူသက်သာချင်လို့ အဲ့ဒီအစားအသောက်တွေကို လိုတာထက်ပိုပြီးအလွန်အကျွံစားလွန်းရင်လည်း မကောင်းဘူးပေါ့။

ဘာပဲပြောပြောပေါ့လေ။ ဘယ်နည်းနဲ့မှ ဆံပင်ဖြူတာမသက်သာဘူး ဆိုရင်လည်း စိတ်မပျက်ပါနဲ့။ ခုခေတ်ကြီးမှ လူတွေကအပြင်သိပ်မထွက်ကြတော့ဘဲ Online မှာပဲတွေ့ကြတာများပါတယ်။ ဖိုတိုရှော့တွေလည်း အရမ်းကိုတိုးတက်လာပါပြီလို့။

Dr Okka Kyi Winn

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top