မြန်မာ့ ပထမဆုံး အမျိုးသမီးခွဲစိတ်ဆရာဝန် လွှတ်တော်အမတ်

ကိုလိုနီခေတ်ဦးကာလက မြန်မာအမျိုးသမီး တစ်ဦးအနေဖြင့် ဆရာဝန်ဖြစ်ဖို့ အရေးမှာ အိပ်မက်သဖွယ် ဖြစ်ပါသည်။

ဆေးပညာ F.R.C.S ဘွဲ့ကို ပထမဦးဆုံး ဆွတ်ခူးခဲ့သော ဆရာဝန်မကြီးမှာ ဒေါက်တာဒေါ်စောဆ ဖြစ်ပါသည်။ ဒေါ်စောဆကို မြန်မာသက္ကရာဇ် ၁၂၄၆-ခု၊ ဝါခေါင်လဆန်း (၁၀)ရက်၊ ခရစ်နှစ် ၁၈၈၄-ခု၊ ဩဂုတ်လ (၁)ရက် နေ့ ပြည်မြို့တွင် မွေးဖွားခဲ့သည်။ ဖခင်မှာ ပြည်မြို့ နယ်ပိုင်ဝန်ထောက် ဦးဘိုးစော ဖြစ်ပြီး မိခင်အမည်ကိုမူ မသိရပေ။ ဖခင် ဦးဘိုးစောက ထူးခြားသည်။ သူ့တွင်သမီးခြောက်ယောက်ထွန်းကားရာ သမီးများအမည်ကို သူ့အမည် စောနှင့်တွဲဖက်၍ ပါဠိဘာသာ ဂဏန်းအခေါ်အဝေါ်များဖြင့် တွဲဖက်မှည့်ခေါ်ခဲ့သည်။ ပထမဆုံး သမီးကို ပါဠိဘာသာ (ဧက)နှင့် တွဲဖက်ပြီး မစောအစ်၊ ဒုတိယသမီးကို မစောဒွေး၊ တတိယသမီးကို မစောတ စသည်ဖြင့် မှည့်ခေါ်ခဲ့သည်။ နောက်ဆုံး ဆဋ္ဌမမြောက် သမီးမှာ မစောဆ ဖြစ်လာခဲ့သည်။

မြန်မာအမျိုးသမီး ခေတ်ပညာတတ်များ အလွန်ရှားပါးလှသော ခေတ်တွင် ဒေါ်စောဆမှာ သာသနာပြုကောလိပ် တက်ရောက်ခွင့် ရရှိခဲ့သည်။ ယင်းကောလိပ်မှာ ရန်ကုန်မြို့၊ အလုံရပ်ရှိ ဘက်(ပ်)တစ်ကောလိပ် ဖြစ်ပြီး နောင်တွင် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းသို့ ဂျက်ဆင်ကောလိပ်အဖြစ် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၀၆ ခုနှစ်တွင် ဒေါ်စောဆသည် သာသနာပြုကောလိပ်မှ (F.A) စာမေးပွဲကို အောင်မြင်ခဲ့သည်။ ထိုအချိန်တွင် မြန်မာနိုင်ငံ၌ ယူနီဘာစီတီဟူ၍ မရှိသေးပေ။ သို့ဖြင့် ဒေါ်စောဆက ဝါသနာပါရာ ဆေးကောလိပ် ဆက်တက်သည်။

နောင်ငါးနှစ်အကြာတွင် ဆေးကောလိပ်မှ (L.M.S) ဘွဲ့ကို ၁၉၁၁ တွင်ရရှိခဲ့သည်။ စာအလွန်တော်သူ ဖြစ်သဖြင့် လေဒီဒပ်ဖရင် ပညာသင်ဆုကို ရရှိကာ အိုင်ယာလန်ပြည်၊ ဒဗ္ဗလင်မြို့ရှိ တော်ဝင်ဆေးကောလိပ် (Royal College of Surgcons)သို့ ဆက်လက်တက်ရောက် ပညာဆည်းပူးခွင့် ရရှိခဲ့သည်။ ထို့နောက် ၁၉၁၂-ခုနှစ်တွင် ခွဲစိတ်ပါရဂူဘွဲ့ (F.R.C.S) ဘွဲ့ကို ဆွတ်ခူးရရှိခဲ့သည်။ ဒေါ်စောဆကား ယင်းဘွဲ့ကို မြန်မာအမျိုးသမီးများထဲမှ ပထမဆုံး ရရှိခဲ့သူဖြစ်သည်။

မကြာမီ ဒေါ်စောဆသည် M.B.E(ခေါ်)Member of the British Empire ဘွဲ့အပြင် အထက်လွှတ်တော် အမတ်အဖြစ်ပါ ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၁၉၁၃-ခုနှစ် တွင် (Royal College of Physicians) ကျောင်းမှ (D.P.H) ဘွဲ့ကို ထပ်မံ ရရှိပြန်သည်။ ဆက်လက်၍ ဆေးပညာကို ဆည်းပူးခဲ့ရာ တစ်နှစ်ကာလအတွင်း၌ပင် (Coombes Maternity Hospital) မှ (L.M) စာမေးပွဲထပ်မံ အောင်မြင်ခဲ့သည်။

ဒေါ်စောဆသည် ဆရာဝန်ကြီး ဖြစ်လာပြီးနောက် ရန်ကုန်ဆေးရုံကြီးတွင် အမျိုးသမီးဌာန၏ လက်ထောက် ဆရာဝန်မကြီး အဖြစ်၎င်း၊ ဒပ်ဖရင်တွင် ၁၉၁၄ မှ ၁၉၂၀ ထိ ဆေးရုံအုပ်အဖြစ်၎င်း၊ (၇)နှစ်တိုင်တိုင် အမှုထမ်းခဲ့သည်။ မျက်နှာဖြူများအကြား ဘီးဆံထုံးကြီးကားကားဖြင့် ပဝါစုံချကာ အမှုထမ်းရင်း ပြည်သူတို့၏ အသက်ပေါင်းများစွာကို ကယ်တင်ခဲ့သည်။ ၁၉၂၁ တွင် အမေရိကန်နိုင်ငံ၊ (A.B.W.F.M.S)၏ ရွှေရတုသဘင် သို့ မြန်မာပြည်၏ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ ၁၉၂၂ အမေရိကန်မှ ပြန်ရောက်လာသောအခါ ကိုယ်ပိုင်သားဖွား ဆေးခန်းကို ဖွင့်လှစ်ခဲ့သည်။ ကိုယ်ပိုင်သားဖွားဆေးခန်း တည်ထောင်ထားသော်လည်း ပုဇွန်တောင်ဆေးရုံ၊ ကျွန်းတောလမ်းဆေးရုံ စသည်တို့တွင် ကုသိုလ်ဖြစ် သွားရောက်ကုသပေးခဲ့သည်။

ဒေါက်တာဒေါ်စောဆသည် ဆရာဝန်ကြီး အဖြစ်သာမက ၁၉၂၃-ခုနှစ်တွင် ရန်ကုန်မြူနီစီပါယ်လူကြီးအဖြစ်ပါ တာဝန်ထမ်းဆောင်ခဲ့သေးသည်။ ထိုစဉ်က ဒေါက်တာ ဒေါ်စောဆသည် မြန်မာအမျိုးသမီးများထဲ၌ ပထမဆုံး ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည့် မြူနီစီပါယ်လူကြီးဖြစ်ခဲ့သည်။

၁၉၂၃-ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၌ ကျင်းပသော မြန်မာနိုင်ငံဆိုင်ရာ မျက်နှာစုံညီ အစည်းအဝေး (Round Table Conference)သို့ အဖွဲ့ဝင်တဦးအဖြစ် တက်ရောက်ခဲ့သည်။ ဒုတိယကမ္ဘာစစ် မတိုင်မီက ပါဝင်ဆောင်ရွက်ခဲ့သည့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများမှာ အထူးများပြားလှပေသည်။ ကြက်ခြေနီအသင်း၊ ဗြိတိသျှ အင်ပါယာ ကုဋ္ဌနူနာကယ်ဆယ်ရေးအဖွဲ့၊ ခရစ်ယာန်အမျိုးသမီးအသင်း၊ ရန်ကုန်အမျိုးသမီး စောင့်ရှောက်ရေးအဖွဲ့ စသည်တို့တွင် ကိုယ်အားဉာဏ်အားဖြင့် ကူညီသည်။

၁၉၄၀-ပြည့်နှစ်တွင် ရုတ်တရက် ညာဘက်ကိုယ်တစ်ခြမ်း ကျင်လာကာ လေးလတိတိ အနားယူကာ ဆေးဝါးကုသခံယူခဲ့ရသည်။ တစ်စတစ်စ ကျန်းမာလာပြီးနောက် ဂျပန်ခေတ်တွင် စလင်း၊ လည်ကိုင်း၊ ညောင်ကိုင်း၊ မင်းဘူး စသည့်ဒေသများသို့ စစ်ပြေးခဲ့ရသည်။ ထိုအချိန်များတွင်လည်း အလကားမနေဘဲ အခမဲ့ဆေးကုပေးသည်။ ဒေါ်စောဆသည် အလွန်စိတ်ရှည်သည်။ သို့သော် ဆရာမလေးများကိုမူ ခပ်ကြမ်းကြမ်းလေး ချုပ်ကိုင်တတ်သည်။ လူနာတွေ နာကျင်သလို သူလဲ နာကျင်တတ်သည်။ တစ်ခါတစ်ရံ အင်္ဂလိပ်များ လက်လျှော့ထားသည်ကိုပင် စိတ်မလျှော့ဘဲ ဆက်လက် ကုသတတ်သည်။ အတတ်နိုင်ဆုံးကယ်ဆယ်ခဲ့သည်။

စစ်ပြေးတုန်းက ဆေးရုံကလည်း ရှားပါး ၊ ဒဏ်ရာရသူတွေကလည်း ပေါများ ၊ တစ်ခါတစ်ရံ လူနာခေါ်၍ သွားရသည်။ ကြမ်းက မခိုင်၍ ထိုင်ပင် မထိုင်ဝံ ၊ ဒိုက်ဦးမှာနေကြစဉ် မွေးလူနာတစ်ဦး လယ်တောတဲထဲမှာ အသည်းအသန် ဖြစ်နေသည်ဆို၍ လိုက်သွားရာ တော်တော်နှင့် ပြန်မလာဘဲနေသည်။ တဲကလေးကလည်း ငုံ့ဝင်မှ ရသည်။ ညောင်လေးပင်ဆေးရုံကလည်း မနီး ၊ ဒါနှင့် မေ့ဆေးပေးပြီး ခွဲစိတ်ကုသပေးရသည်။ အဝတ်သန့်သန့်မရှိသဖြင့် အိမ်က အိပ်ယာခင်း ၊ စာပွဲခင်းများကို ဆုတ်ပြီး ဆေးရုံမှာကဲ့သို့ တဲကလေးကို ဆေးခန်းလုပ်ပြီး ကုသပေးခဲ့ရသည်။ အဖျားမကျမချင်း အနားက မခွာ ကိုယ်ဖိရင်ဖိ ကုသခဲ့တယ်။ ” ဟု သူ့သားချင်းမှာထံမှ ကြားရပါသည်။ သူ့ကို အားကိုးသောဝေဒနာရှင်များအား ပြန်လည်လေးစားခဲ့သည်။

ဝေဒနာသည်များမှာ သူ့ကိုမြင်ရုံနှင့် အားတက်လာကြသည်။ ဆေးထိုးရာ၍လည်း ထိုးမှန်မသိအောင် ညင်သာသည်ဟု တဆင့်စကား ကြားရပါသည်။ ဒေါ်စောဆအား အသက်ရှင်နေသရွေ့ အလုပ်နှင့်လက် ပြတ်သည်မရှိပါ။ အရွယ်ထောက်လာသည့်တိုင်အောင် သူ သံယောဇဉ် ရှိခဲ့သော ဆေးခန်းကို ပစ်မထားဖို့ အထပ်ထပ်မှာခဲ့သည်။ သူရေးသားပြုစုသော သူနာပြုဝမ်းဆွဲ ဆရာမများ လက်စွဲစာအုပ်မှာ နောင်လာနောက်သားတွေ အတွက် ကြီးစွာသော အထောက်အကူ ဖြစ်ခဲ့သည်။

သူ့အတ္ထုပ္ပတ္ထိရေးရန် ဟယ်လ်ပင်လမ်း ( ယခုပြည်ထောင်စုရိပ်သာလမ်း ) နံပါတ် ( ၆၀ ) ရှိ သူ့အိမ်သားများနှင့် သွားတွေ့စဉ်က ကံကောင်း၍ သူ့လက်ရေးနှင့် စာရွက်ကလေးတစ်ခုကို တွေ့ခဲ့ရသည်။ “၁၉၄၆ခု ၊ စစ်အပြီး ရန်ကုန်ပြန်လာသည့်အခါ လင့်လမ်း ( ယခု လမ်း ) အမှတ် (၃၀ ) ကျွန်မတို့အိမ်မှာ ဂျပန်တွေ မီးရှို့ပစ်ခဲ့တာ တွေ့ရသည် ” ဟူသော မှတ်တမ်းလေးပင် ဖြစ်၏။

သူ့၏ စေတနာ့ဝန်ထမ်းအလုပ်မှာ ယခု ခေတ်စီးပွားရေးရှု့ထောင့် အသီးသီးမှ ငွေရရင်ပြီးရော မျက်နှာကြီးရာ ဟင်းဖတ်ပါသော အသပြာဆရာဝန်တွေနှင့်ကား ဘာမျှမဆိုင်။ တစ်ဘာသာစီ ခြားနေဘိသည်။ ဒေါ်စောဆကဲ့သို့ အတန်းအစားမရွှေး အနစ်နာခံကာ စေတနာထားနိုင်သူ ဆရာဝန်တွေ ယခုခေတ်မှာ ဘယ်လောက်ရှိမလဲ။ သူ့နမူနာယူပြီး ဘယ်နှစ်ယောက် သူ့ခြေရာနင်းန်ုင်မလည်း။ ဆရာဝန်မကြီး ဒေါက်တာဒေါ်စောဆကား သစ်ပင် ပန်းပင် စိုက်ပျိုးရန်လည်း အလွန်ဝါသနာထုံသည်။ သို့သော် အလွန်ပန်ဆင်ခဲသည်။ ငယ်စဉ်ကပင် သူ့မော်တော်ကား သူမောင်းကာ တင်းနစ် အမြဲရိုက်ကစား၍ ကျန်းမာရေးကောင်းခဲ့သူ ဖြစ်သည်။

ဤသို့ တစ်သက်လုံး အငြိမ်မနေ လှုပ်ရှားခဲ့သော ဆရာဝန်မကြီးမှာ ၁၉၆၂ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အသက် ၇၈ နှစ်အရွယ် သွေးတိုးရောဂါ၏ ဖိစီးမှု့ကြောင့် သူအလွန်ချစ်မြတ်နိုးခဲ့သော လူသားနှင့်တကွ ဆေးပညာရပ်တွေ ၊ ကယ်ဆယ်ကုသရေးလုပ်ငန်းတွေကို စွန့်လွှတ်ကာ ထာဝရအနားယူခဲ့သည်။

Ref;
Myanmar Wikipedia
မြန်မာအမျိုးသမီးများ – စောမုံညှင်း

Crd

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top